ဘဝများကို နားထောင်ခြင်း
အရသာလည်း ပိုကောင်းတယ်၊ ဒါကြောင့်
လတ်ဆတ်မှုဆိုတာကို လေးလေးနက်နက် ပြောဆိုထားတာပါ။
Mio Asaka သည် Mio's Delectables ၏ ပိုင်ရှင်/ကိတ်မုန့်ရောင်းသူ ဖြစ်ပါသည်။
သူမသည် အိမ်တွင် ကိတ်မုန့်များ ဖုတ်ပြီး Farmers Markets တွင် ကိတ်မုန့်များ ရောင်းချသူ ဖြစ်သည်။
ကျွန်မဖုတ်လိုက်တဲ့ ကိတ်မုန့်တွေ အမြဲ လတ်ဆတ်နေစေဖို့အတွက် ကျွန်မ စနေနေ့ မနက် 1 နာရီဆို ထပါတယ်။
ကျွန်မက စနေနေ့တိုင်း Farmers Market မှာ ကိတ်မုန့် ကောင်တာလေး ဖွင့်ပြီး ရောင်းပါတယ်။ ဒီတော့ ရက်သတ္တပတ်ရဲ့ ပထမသုံးရက်မှာတော့ ကိတ်မုန့်လုပ်တဲ့ ဂျုံလုံးတွေ လုပ်ပါတယ်။ ကြာသပတေးနဲ့ သောကြာနေ့တွေမှာတော့ ကျန်နေတဲ့ဂျုံလုံးတွေကို ကိတ်မုန့်လို အရသာ ပိုရှိတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ သောကြာနေ့ နေ့လည်လို၊ ဒါမှမဟုတ် စနေနေ့ မနက်စောစောလို အချိန်မျိုးမှာ နို့ပေါင်မုန့်လုံးနဲ့ ပြင်သစ်ခေါက်မုန့်တွေကို ဖုတ်ပါတယ်။
စနေနေ့ မနက်မှာတော့ မနက် 1 နာရီ၊ 2 နာရီဆို ထပြီး ကိတ်မုန့် ကောင်တာလေး မဖွင့်ခင် အချိန်လေးမှာ ကိတ်မုန့်တွေ ဖုတ်ပါတယ်။ သောကြာနေ့မှ ကိတ်မုန့်ဖုတ်လေ့ရှိပေမဲ့ လတ်လတ်ဆတ်ဆတ် ဖုတ်ရရင် ပိုကောင်းမှာပဲလို့ အမြဲ တွေးနေတာပါ။ စားသုံးသူအနေနဲ့ ကြည့်ရင် သူတို့လည်း ကျွန်မလိုဘဲ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကိတ်မုန့်တွေပဲ စားချင်မှာပဲလို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်မလည်း ကျွန်မရဲ့ ဖောက်သည်တွေအတွက် အဲဒီလိုပဲ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မရဲ့ ဖောက်သည်တွေက ကိတ်မုန့်မျိုးစုံကို နှစ်သက်ပါတယ်။ ကျွန်မကတော့ သူတို့ရဲ့ ထင်မြင်ချက်တွေကို နှစ်သက်ပါတယ်။
အစပိုင်းမှာတော့ ကျွန်မ ကိတ်မုန့် သုံးမျိုးနဲ့ ကွတ်ကီးနည်းနည်း လုပ်တယ်။ အရေအတွက်တွေ တိုးပြီး လုပ်ရတဲ့ အကြောင်းရင်းတစ်ခု ရှိပါတယ်။ ချစ်သူများနေ့လို၊ အမေများနေ့လို အထူးနေ့တွေ အမျိုးမျိုး ရှိကြပါတယ်။ အဲဒီလို အချိန်ဆိုရင် ကျွန်မအနေနဲ့ ထူးခြားတာလေး တစ်ခုခု လုပ်ပေးချင်တယ်။ ဒါနဲ့ အဲဒီလိုနေ့မျိုးအတွက်ပဲ လုပ်တဲ့ ကိတ်မုန့်တွေ ဖုတ်ပါတယ်။
ဒါပေမဲ့ Farmers Market က တစ်ပတ်ကို တစ်ကြိမ်ပဲ ဖွင့်တာကြောင့် ကျွန်မရဲ့ ဖောက်သည်တွေ ကျွန်မဆိုင်ကို နောက်တစ်ပတ် လာတဲ့ အခါမှာတော့ အရင်အပတ်က ကိတ်မုန့်တွေ ဘာလို့ မရှိတော့တာလဲလို့ မေးပါတယ်။ ဒါကို စားဖို့ သူတို့က စောင့်မျှော်နေတာဖြစ်တဲ့အတွက် စိတ်မကောင်းစွာနဲ့ဘဲ သူတို့ အိမ်ပြန်သွားခဲ့ရပါတယ်။ ကျွန်မက ဒီထင်မြင်ချက်ကို အားပေးမှုတစ်ခုလို ယူဆခဲ့ပြီး ချဲ့ထွင် လုပ်ကိုင်ခဲ့တာ ခုလို ကိတ်မုန့်အမျိုးမျိုး ရွေးချယ်ဝယ်ယူနိုင်တဲ့အထိ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။

လူသားတွေနဲ့ ဆက်ဆံရေးဟာ အရာအားလုံးရဲ့ အခြေခံပဲ ဖြစ်ပါတယ်။
တခြားလူတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးဟာ အဓိက ဦးစားပေးရမယ့် အရာလို့ ကျွန်မ သဘောထားပါတယ်။ ကျွန်မနဲ့ အလုပ်အတူ လုပ်တဲ့ ဝန်ထမ်းတွေ၊ ဈေးထဲမှာ ကူညီပေးတဲ့လူတွေနဲ့ ကျွန်မကို ထောက်ပံ့ ကူညီပေးနေတဲ့သူတွေလည်း ပါပါတယ်။ ကျွန်မရဲ့ ဖောက်သည်တွေလည်း ပါတာပေါ့။ အခြေခံအားဖြင့်တော့ ကျွန်မသာ လူတွေနဲ့ ဆက်ဆံရေးကို ဂရုမစိုက်ဘူးဆိုရင် အရာအားလုံး ပြိုလဲ သွားပါလိမ့်မယ်။ ဆက်ဆံရေးဟာ ကျွန်မရဲ့ အလုပ်ကို အခြေခံထားတဲ့ အုတ်မြစ်တစ်ခုဖြစ်တယ်လို့ ကျွန်မ ထင်ပါတယ်။
ဒါကြောင့် သင့်အတွက် တစ်ယောက်ယောက်က တစ်ခုခု လုပ်ပေးလိုက်တဲ့အခါ "ကျေးဇူးတင်ပါတယ်" လိုမျိုး စကားတွေ ပြောတာဟာ တကယ့်ကို အခြေခံကျတဲ့ အရာတွေပါပဲ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ မှတ်ချက်လေးတစ်ခုကို ရေးဖို့ တစ်ခါတစ်လေတော့ သင် မေ့သွားနိုင်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သမျှ မမေ့အောင် နေပါ။

ရှောက်သီး အရောင် ရှောက်သီးအနှစ် ပြုလုပ်ခြင်း၏ လျှို့ဝှက်ချက်များ
ကြက်ဥ လတ်လတ်ဆတ်ဆတ်တွေရောင်းတဲ့သူကိုများ သိမလားလို့ သူငယ်ချင်းကို မေးကြည့်တော့ သူငယ်ချင်းက သူ့ရဲ့ အထက်တန်းကျောင်း ဆရာက ကြက်ကလေးတွေ စပြီး မွေးနေတယ်လို့ ဆိုပါတယ်။ ပထမတော့ သူ့မှာ ကြက်ပေါက်လေးတွေ နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ ခုတော့ ကျွန်မက တစ်ပတ်ကို ကြက်ဥ အလုံး 20 ဒါဇင်လောက် မှာရင်တောင် အမြဲ လက်ခံပြီး ကျွန်မအတွက်ပဲ ကြက်ဥတွေ အမြဲ ပို့ပေးတဲ့အထိ ကြက်တွေ များလာပါပြီ။
ဒေသ ဈေးကွက်ထဲမှာ ရှိတဲ့ ရိုးရိုး ကြက်ဥအနှစ်တွေက အဝါရောင် မဟုတ်ပါဘူး။ ဒီတော့ ရှောက်သီး အနှစ်လုပ်ရင်တောင် အဖြူရောင်ပဲ ဖြစ်သွားပါတယ်။ ကျွန်မရဲ့ ရှောက်သီးအနှစ် အရောင်ကို ကြည့်ပြီး ရှက်တောင် ရှက်ပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ရဲ့ ကြက်ဥတွေ စတင်အသုံးပြုပြီးတဲ့နောက်မှာတော့ အနှစ်တွေက အဝါရောင် ဖြစ်သွားပါတယ်။ ကြက်ဥကို ပထမဆုံးအကြိမ် ခွဲကြည့်လိုက်တဲ့အချိန် ကျွန်မ တော်တော်လေး အထင်ကြီးသွားပါတယ်။ ဒါမျိုးကမှ ကျွန်မ ငယ်ငယ်က ဂျပန်မှာနေတုန်းက သုံးခဲ့တဲ့ ကြက်ဥမျိုးလို့ ခံစားခဲ့ရပါတယ်။ မှန်ကန်တဲ့ ရှောက်သီးအရောင် ရှောက်သီး အနှစ်ကို ရပြီလေ။ ကျွန်မ ပျော်လွန်းလို့ ချက်ချင်းပဲ ဓာတ်ပုံရိုက်လိုက်တယ်။
ခုဆို ကျွန်မတို့ရဲ့ ဆက်ဆံရေးက ထူးခြားတဲ့ ဆက်ဆံရေး ဖြစ်သွားပါပြီ။ လွန်ခဲ့တဲ့ သုံးပတ်လောက်က သူက ကြက်တွေကို ကြက်ဥအခွံတွေ ကျွေးချင်တယ်ပြောလို့ ဟိုတစ်လောကပဲ ကျွန်မ သုံးပြီးသား ကြက်ဥအခွံတွေကို သိမ်းထားပြီး သူ ကြက်ဥအသစ်တွေ လာပို့တဲ့အချိန်ကျတော့ အခွံတွေ ပြန်ပေးလိုက်တယ်။ ကျွန်မလည်း အမှိုက်ရှုပ်သက်သာတဲ့အတွက် တော်တော်လေး အထောက်အကူ ဖြစ်တယ်။ သူလည်း ကြက်ဥအခွံတွေ ပြန်ရပြီး ကြက်တွေလည်း ကယ်လ်စီယမ်ကြောင့် အကျိုးရှိတာပေါ့။ ဒီတော့ ကျွန်မလည်း ကယ်လ်စီယမ်တွေ ပြည့်ဝတဲ့ ကြက်ဥတွေ ရတာပေါ့။ ဒါက နှစ်ဖက်လုံး အကျိုးရှိစေတဲ့ လုပ်ရပ်ပါပဲ။
